Sunday, May 30, 2010

Skiing (IV)

သည်လိုနှင့် လူကြီးများ နှင်းလျှောစီးနေသည့် နေရာဘက်ကို ထွက်လာကြသည်။ တောင်စောင်းအောက်ကို နှင်းလျှောစီးဆင်းမှသာရမည်ဆိုသဖြင့် နှင်းလျှောစီးဖိနပ်တွေငှားဖို့ ရှာသည်။
တစ်ယောက်ကို ယန်း ၄၀၀၀ အလိုက်ပေးရမည်တဲ့။ ကိစ္စမရှိ။ စကီးပြားနှင့် နှင်းလျှောစီးတံများ ငှားလိုက်သည်။ တောင်အောက်က ငှားစီးလာသည့် ဖိနပ်များနှင့် လဲလိုက်သည်။ ဟင်းသာနှင့် စိုးစိုးလည်း တစ်စုံစီ ငှားသည်။ ကိုသန်း နှင့် ကြည်ကတော့ မစီးတော့ဟုဆိုသည်။

ဝန်ထမ်းကောင်လေးက ကိုယ်တွေကို စိတ်မချသည့် အကြည့်ဖြင့်ကြည့်သည်။ နောက်တော့ အပြင်တွင် သူအနည်းငယ် သင်ပြပေးမည်ဟု ဆိုကာ ဆိုင်အပြင်ဘက်ကို ဦးဆောင်ခေါ် သွားသည်။

ဖိနပ်များ ထမ်းပိုးကာ ကြွားကြွားဝင့်ဝင့်ဖြင့် ထွက်လာကြသည်။ ကိုသန်းကိုလည်း ဓါတ်ပုံလှမ်း ရိုက်ခိုင်းလိုက်သေးသည်။
အဲသည့်နောက် ၀န်ထမ်းကလေးက တစ်ယောက်ပြီး တစ်ယောက်ကို ဖိနပ်နှင့် ဘုတ်ပြားတပ် ပေးသည်။ ဘုတ်ပြားချွတ်ချင်လျင် မည်သို့ ချွတ်ရမည်ကိုလည်း သင်ပြလိုက်သည်။

ပြီးတော့ တောင်အောက်ကို ချက်ချင်းမဆင်းရန်နှင့် ဒီအနီးဝန်းကျင်တွင်ပင် ဘုတ်ပြားနှင့် လမ်းလျှောက်တတ်ရန် အရင်ကျင့်ပါဟု သူက ပြောသည်။

စိုးစိုးကတော့ ဟုတ်သလိုရှိသည်။ သူက တဖြည်းဖြည်းချင်း လျှောက်ကြည့်သည်။ ကွေ့ကြည့်သည်။ ဟုတ်လို့နေသည်။

ကိုယ်နှင့် ဟင်းသာလည်း စိုးစိုး လုပ်သလို လိုက်လုပ် ကြည့်သည်။ မကြာပါ။ ဟင်းသာရော ကိုယ်ပါ ဖင်ထိုင်ရက်ကလေးတွေ လဲသွားသည်။
ကိုသန်းက တစ်ယောက်ပြီး တစ်ယောက်ကို လိုက်ထူသည်။

အဲသည့်နောက် တောင်ကုန်းအတိုင်း အများသူငါလို လျှောဆင်းကြရန် ကုန်းဆင်းရှိရာဘက် လှည့်လိုက်ကြသည်။
လူငယ်လေးများက ကိုယ့်နဘေးက ဖြတ်ကျော်ကာ ညင်ညင်သာသာ လျှောကနဲ လျှောကနဲ ဆင်းသွားကြသည်။

တောင်ကုန်းအောက်ကို နှင်းလျှောစီးဆင်းသွားသူများ ပြန်တက်လာနိုင်ရန် စီစဉ်ထားသည့် ကောင်းကင်ကြိုးဆွဲ ဒန်းကလေးများကို တွေ့ရသည်။ ကုန်းအောက်ကို မြန်မြန်ရောက်ချင် လှပါပြီ။

ပြီးလျင် ဒန်းကလေးစီးပြီး ပြန်တက်လာမည်။ အနည်းဆုံး အတက်အဆင်း သုံးခေါက် လောက်တော့ စီးမည်။ ဒန်းက တစ်ခါ စီး ယမ်း ၄၀၀။ ကုန်ချင် ကုန်ပါစေ။ သို့မှသာ လာရကျိုးနပ်မည်။

သို့သော် ခပ်ပြေပြေ ကုန်းကလေး ဆင်းမယ်မှ မရွယ်ခင် လေးငါးလှမ်းလောက်တွင်ပင် ဟန်ချက်ပျက်ပြီး ဖင်ထိုင်ရက် ဘုတ်ကနဲလဲတော့သည်။ ကုန်းထကြည့်သည်။ မရ။ ထဖို့မပြောနှင့် စကီဘုတ် အပြားတပ်ထားသည့် ခြေထောက်ကို မြေကြီးပေါ် ပြားလျက် ပြန်ချဖို့ကိုပင် ကြိုးစားကြည့်လို့ မရ။

ခြေထောက်လှုပ်မရသည့် အတူတူ လက်တွင် ကိုင်ထားသည့် နှင်းလျှောစီးတံ နှစ်ချောင်း အားပြုပြီး ထရန် ကြိုးစားပြန်တော့လည်း ဖင်ကလေး ကြွလာမလိုလို ရှိပြီးကာမှ တုတ်ချော် ထွက်ကာ ဖင်ထိုင်ရက် ပြန်ကျသွားသည်။

ဘေးဘီ ၀ဲယာ ကြည့်မိတော့ ဟင်းသာလည်း ငုတ်တုတ် ပုံရက်သားလေး။ စိုးစိုးကလည်း ကိုယ့် နောက်မှာ ငုတ်တုတ်။

နောက်ဆုံးတော့ ကိုသန်းက တစ်ယောက်ပြီး တစ်ယောက်ကို လိုက်ထူရသည်။
သူများတွေများ ကုန်းလျှောလေးကို လျှောလျှောရှုရှု တုတ်ကလေး ထောက်ကာ ထောက်ကာ ဆင်းသွားကြသည်။

“ခြေထောက်နှစ်ချောင်းကို ပူးထားရင် သူ့ဟာသူ အလိုက်သင့်ကလေး လျှောသွားရော” ဟု ဟင်းသာနှင့် စိုးစိုးက ပြောသည်။
အဟုတ်ပင်။ သူတို့ အဲသလို ခြေထောက်နှစ်ချောင်းပူးကာ အလိုက်သင့်ကလေး လျှောဆင်းသွားကြသည်။
သူတို့ပြောသလို လုပ်ကြည့်သည်။ အခုမှပင် နှင်းလျှောစီးရသည့် အရသာကို သိရတော့သည်။
သို့သော် ကုန်းဆင်းတစ်လျှောက် အရှိန်က တက်လာသည်။ ဟိုးအရှေ့ မလှမ်းမကမ်းတွင် သုံးနှစ်အရွယ်ကလေးငယ်လေးကို မိခင်ဖြစ်သူက ထိန်းစီး လေ့ကျင့်နေ သည်ကို လှမ်းမြင်လိုက်ရသည်။ သူတို့ကို တိုက်မိကုန်မှဖြင့် ဟု စိုးရိမ်စိတ်ပေါ်လာသည်။

အဲသလို ပေါ်လာကာက ကိုယ့်ခြေထောက်ကလည်း သူတို့ဘက် ဦးတည်မိရက် သား ဖြစ်နေသည်။ ကလေးကိုတော့ တိုက်လို့ မဖြစ်ဘူးဟု တွေးကာ ထူပူသွားတော့သည်။ နှင်းလျှောစီးတံ ကိုလည်း မြေကြီးအတွင်း အားစိုက်သွင်းကာ အရှိန်သတ်ရန် ကြိုးစားလိုက်သည်။

အဲသည်တော့မှ ဟန်ချက်ပျက်ကာ ကလေးငယ်လေးနား ပက်လက်လန် လဲသွားတော့သည်။
ကိုယ့်မှာ ကောင်းကင်ကြီးကို မျက်နှာမူရက်သား။ တစ်ကိုယ်တည်း ရုန်းထနိုင်ရန် ကြိုးစာကြည့်သည်။ ကိုသန်းကလည်း ဟိုးတောင်ကုန်းပေါ်တွင် ကျန်ခဲ့လေပြီ။
ဒီတစ်ချီတော့ ကူရာကယ်ရာမဲ့ပြီ။

‘ဒိုင်းဂျော့ဘု၊?” အဆင်ပြေရဲ့လား ဆိုသည့်သဘောဖြင့် အမျိုးသမီးငယ်လေးတစ်ဦးက လှမ်း မေးသည်။
“ဟိုင်း”
ရပါတယ်လို့သာ ဖြေလိုက်ပေမယ့် လိပ်လို ပက်လက်က မလှုပ်မယှက်။

သူက ကိုယ့်ကို ဘယ်လို စီးရမယ်၊ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းရမယ်ဆိုတာတွေ ပြောပြရှာသည်။ ကိုယ်ကတော့ သူ အမူအယာ လုပ်ပြသလောက်ကိုသာ နားလည် လိုက် သည်။ သဘောကတော့ ဘရိတ်အုပ်ချင်လျင် ခြေထောက်နှစ်ချောင်းကို ချဲချပြီး ကိုယ်ရှိန်သတ် ရန် ဆိုတာမျိုး ဖြစ်သည်။

ခေါင်းသာညိတ်ပြလိုက်ရပေမယ့် လူက လှုပ်မရ။ ကိုယ့်အခြေအနေကို သဘောပေါက်သွား သည့် သူက ခြေထောက်နှစ်ချောင်းကို ချဲလို့ ဟန်ချက်ယူပြီး ပေါင် ၁၁၇ ပေါင်ရှိသည့် ကိုယ့်ကို ဆွဲထူသည်။

သူ့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတော့ သူက “ရတယ်၊ ရတယ် ကိစ္စမရှိပါဘူး” ဟု ပြောကာ စကီးဆက်စီးဖို့ ထွက်သွားသည်။

သူလှည့်ထွက်သွားလို့ ငါးလှမ်း၊ ခြောက်လှမ်းစာမျှပင် မကွာခင် ပုံရက် ပြန်လဲသွားသည်။ သူကလှည့်ကြည့်ပြီး ပြန်လာမည်အပြု သူ့ကို သွားနှင့် ပါရန် လက်ကို ဝှေ့ယမ်းပြီး ပြောလိုက် သည်။ သူ့ခမျာ ကိုယ့်အတွက် ခရီးဖင့်ရှာမည်။

ကိုယ့်အလုပ်ကိုယ်လေးစားသလို သူ့အလုပ်ကိုလည်း လေးစားပါ

http://www.news-eleven.com/index.php?option=com_content&view=article&id=3227%3A2010-05-30-03-56-30&catid=78%3A2009-11-13-06-25-17&Itemid=135

Thursday, May 13, 2010

Skiing (III)

ကေဘယ်ကားက တောင်ပေါ်ကို တရွေ့ရွေ့တက်လာသည်နှင့် နှင်းများ အဆုပ်လိုက် အဆုပ်လိုက် ကြဲပက်လို့ထားသည့် တောင်စောင်းများကို အနီးကပ်မြင်လာရသည်။ တောင်ထိပ်နားနီးလာတော့ ဖွေးဖွေးဖြူနေသည့် နှင်းလွင်ပြင်ကြီးထက် နှင်းလျှောစီးနေ သည့် လူတစ်ချို့ကို မှုန်ပျပျလေး မြင်လိုက်ရသည်။

“ဟိုမှာကြည့်စမ်း၊ ဟိုမှာကြည့်စမ်။”
“ဟုတ်ပ။ လှမှလှ”
“ငါတို့ တောင်ပေါ်ရောက်ရင် နှင်းလျှောစီးဖို့ ပစ္စည်းတွေ ပြန်ရှာ ငှားကြည့်ကြတာပေါ့ဟာ”

ဒီနေရာရောက်ပြီးကာမှ နှင်းလျှောမစီး လိုက်ရပဲတော့ ပြန်မသွားချင်။ ယခုဆောင်းသည် ကိုယ့်အတွက် ဂျပန်တွင်နောက်ဆုံးကြုံရသည့် ဆောင်းမို့ နောင် အခွင့်အရေး ထပ်ရချင်မှ ရ တော့မည်။ ကေဘယ်ကားပေါ်က ဆင်းလိုက်သည်ဆိုရင်ပဲ မျက်နှာကို ရေခဲရေနှင့် ဖြန်းပက်လိုက်သလို အေးသွားရသည်။

ဘယ်ကြည့်ကြည့် ဖွေးဖွေးဖြူနေသမို့ ကြည့်လို့ပဲ ကောင်းနေသေးတော့ သည်။ ရေခဲခြစ်မှုန်လေးတွေလို ဖြူဖြူမွမွ နှင်းဖတ်လေးတွေကို ကျုံးပြီးကိုင်လိုက်သည်။ အေးလိုက် သည့် ဖြစ်ခြင်း။
ကိုယ်နေသည့် မြို့က ယခုနှစ် နှင်းကောင်းကောင်းမကျခဲ့။ မှတ်မှတ်ရရ သုံးရက်လောက် သာ နှင်းကျသွားသည်။

ဟင်းသာနှင့် ကြည့်ကိုပါခေါ်ကာ နှင်းတောထဲ ကုန်းကုန်းကွကွနှင့် ပုံကို ဓါတ်ပုံရိုက်ကြသည်။ ဆံပင်ဖုတ်သိုက်နှင့်ကိုယ့်ပုံစံက စွတ်ဖားခွေးနှင့်ပင် တူနေသယောင်။

နေ့လည် နာရီပြန်တစ်ချက်တီးပြီမို့ ၀မ်းဖြည့်ဖို့ စားသောက်ဆိုင်ထဲဝင်ကြသည်။ တစ်ဦး ယန်း ၁၅၀၀ ပေးရသည့် အ၀စား ဘူဖေးလ်ဆိုင် ဖြစ်သည်။ ဆိုင်က မှန်များဖြင့်သာ ကာရံထားသမို့ အပြင်ကိုလည်း အတိုင်းသာ မြင်နေရသည်။ ဟိုးခပ်လှမ်းလှမ်း ကုန်းပေါ်က စကီးစီးနေ ကြသည့်သူများကိုလည်း မြင်နေရသည်။ တစ်ချို့က ကုန်းပုကလေးများကို လွှားကနဲ ကျော်စီးသွားသည်။

အရင်အပတ်က နာဂါနိုတွင် နှင်းလျှောသွားစီးသည့် အင်ဒိုနီးရှားသူငယ်ချင်းမက တောင်ကုန် ပေါ်မှ လျှောဆင်းလာပုံကို ဗီဒီယိုရိုက်ကာ ဖေ့စ်ဘွတ်ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။ ကိုယ်လည်း အဲသလို ရိုက်မည်ဟု စိတ်က တေးထားသည်။

ငယ်ငယ်က နိုင်ငံတကာ ဂြိုလ်တုသတင်းတွင် ကြည့်ရသည့် ဆောင်းရာသီ နှင်းလျှောစီးပြိုင်ပွဲ၌ ပြိုင်ပွဲဝင်သူက နှင်းလျှောစီးတံဖြင့် ဟိုထောက် ဒီထောက်ထောက်ကာ ကုန်းပေါ်က လျှောဆင်းလာပြီး အရှိန်ရမှ လေဟုန်ထဲ ပျံကြွကာ မြေပြင်ပေါ်ကို ကြောင်ကျ ကျသကဲ့သို့ အသာအယာ ဆင်းသက်ပုံကို အားကျမိသည်။

သူတို့လောက်မလုပ်နိုင်လျင်တောင်မှ အင်ဒိုနီးရှားသူငယ်ချင်းမ လောက်တော့ လုပ်မှဖြစ်မည်။ နည်းနည်းပါးပါး လဲတာ၊ ကွဲတာကတော့ သီးခံမည်။ အသက်အန္တရာယ် မရှိရင်ပြီးရော ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။

စားသောက်ပြီး အပြင်ထွက်လာတော့ စတွေ့သည့် ကစားကွင်းငယ်လေးထဲ ၀င်လိုက်ကြသည်။ တစ်ယောက် ယမ်း ၅၀၀။

အဲ နောက်မှ သည်ကစားကွင်း ကလေးက ကလေးငယ်များနှင့် မိဘများအတွက် လုပ်ပေးထားသည့် ကစားကွင်းကလေးမှန်း သိရသည်။ ကလေးငယ်ဆိုလို့ ဆယ်ကျော်သက် အရွယ်တောင် သိပ်မတွေ့ရ။ လေးငါးခြောက်နှစ် အရွယ် ကလေးများနှင့် မိဘများသာ။ ကုန်းကလေးကလည်း ပေ ၃၀၊ ၄၀ ကျော်သာ ရှိမည်ထင်သည်။

မထူးပြီမို့ ကလေးငယ်များလို ကြိုးတပ်ထားသည့် ကော်ဒယ်ပြားလေးများ ကိုင်ကာ ယင်းကုန်းလေးပေါ်တက်ကြသည်။ တက်တာတောင် အလိုအလျောက်ရွေ့သည့် စက်တပ်ကြမ်းပြင်ပေါ်တက်လိုက်လာခြင်းဖြစ်သည်။

နောက်ကလေးငယ်လေးများ လုပ်သလို ဒယ်ပြားလေးအတွင်း ထိုင်ချကာ ကြိုးကလေးကို လက်ကကိုင်ရင်း ခြေထောက်ရှေ့ပစ်ကာ ကုန်းထက်မှ အသာကလေး လျှောချလိုက်သည်။

တဗျစ်ဗျစ်နှင့် လျှောဆင်းသွားသည့် ဒယ်ပြားလေးထက် ထိုင်းရင်း အသည်းထဲ တညိမ့်ညိမ့်။ အောက်ခြေရောက်တော့ ဒယ်ပြားလေး ဆွဲကာ အပေါ်ပြန်တက်။ တစ်ခါ လျှောဆင်းဖြင့် ကလေးကစားကွင်းထဲ လူကြီးများ ပျော်နေလိုက်ကြသည့် ဖြစ်ခြင်း။

Sunday, May 9, 2010

Skiing (II)

ကုန်းမြင့် တစ်ကြော ကွေ့ကာ ၀ိုက်ကာ ဘက်စ်ကားနှင့် တက်လာပြီး ၁၅မိနစ်ကျော် အကြာ တွင် တောင်ခြေစခန်းကို ရောက်လာသည်။ ရထားပေါ်က မြင်ခဲ့ရသည့် ဆီးနှင်းများ ဖုန်းနေ သည့် တောင်ထိပ်ဆီသို့ ယင်းတောင်ခြေစခန်းမှ ကောင်းကင်ကြိုးဆွဲ ကေဘယ်ကားများဖြင့် ထပ် သွားကြရမည်ဖြစ်သည်။

တောင်ပေါ်မတက်ခင် လိုအပ်သည့် နှင်းတောစီး ကိရိယာများ ငှားရန် တောင်ခြေက အငှားဆိုင်အတွင်း ၀င် လိုက်ကြသည်။

ဆိုင်ထဲတွင်တော့ ကိုယ့်လိုပင် လိုအပ်သည့် ပစ္စည်းများ ငှားရမ်းနေသူများကို တွေ့ရသည်။
ဂျပန်စာကျွမ်းကျင်သည့် ဟင်းသာက ဦးဆောင်ပြီး ငှမ်းရမ်းမည့် ပစ္စည်းစာရင်းကို ပုံစံစာရွက် တွင် ဖြည့်သည်။


နှင်းကာမျက်မှန်တစ်လက် ကို ယမ်း ၁၀၀၀ ဆိုသဖြင့် သုံးလက်ငှားလိုက်သည်။ နောက်ပြီး နှင်းတောထဲ စီးဖို့လည်ရှည် နှင်းတောစီး ဖိနပ်လေးစုံငှားသည်။ ကိုသန်းကိုတော့ ရေယက်လို ခြေနင်းပြားအရှည်နှင့် နှင်းလျှောစီးဖိနပ် ငှားခိုင်းလိုက်သည်။ ပြီးလျင် တစ်ယောက်တစ်လှည့် စီးကြမည်။

ကြည်ကတော့ ရေစိုခံသည့် အ၀တ်အစားမပါလာသဖြင့် မိုးကာသားနှင့် ချုပ်ထားသည့် အားကစားဝတ်စုံလို ၀တ်စုံတစ်စုံငှားသည်။

အ၀တ်အစားလဲပြီး ဖိနပ်စင်များဆီသို့ သွားသည်။
ခြေထောက် ဆိုက်က ၂၃ စင်တီမီတာ ရှိသမို့ ဆိုက် ၂၃ ကို ရွေးယူလိုက်သည်။
သို့သော် ခြေသလုံး အလယ်နားလောက်အထိရှည်သည့် ဖိနပ်က ထူလှသဖြင့် ခြေဖိနောင့်နှင့် ခံကာ တစ်နေသည်။

ဆက်သွင်းမရတော့သမို့ ခြေဖမိုး ပေါ်ကို ထိမ်းပတ်ထား သည့် သံဘတ်ကယ်တွေ အကုန်ု ဖြုတ်သည်။ မရ။ ဖိနပ်ကြိုးတွေဖြုတ်ကြည့်သည်။ မရ။ အဆုံးမတော့ ဆိုက် ၂၄ ကို လှမ်းယူလိုက်သည်။ ဒါလည်း မတော်ပြန်။ နောက်ဆုံး ၂၅ နှင့် ကျမှ ခြေထောက်အထဲ သွင်းလို့ ရသွားသည်။

ဖိနပ်ကြီး စီးပြီး လမ်းလျှောက်ကြည့်တော့လည်း တကယ့်ကို ခဲဆွဲပြီးလျှောက်ရသလို စိတ် သွားတိုင်း ခြေထောက်မပါ။

ချွေးတွေကလည်း စို့လာသည်။ ခြေထောက်နှစ်ဖက်ကို ခြေကျင်း အထက်နားက စပြီး ချုပ်ထားသလိုမျိုး။ မဆီမဆိုင် လည်ပင်းကပါ တစ်ဆို့ဆို့။ ရင်ခေါင်းကလည်း ဘော်လီ ကျပ်ကျပ် ၀တ်ထားရသလို အသက်ရှုမ၀ချင်။


ဟင်းသာကို ကြည့်တော့လည်း မောကြီး ပန်းကြီးနှင့် ဖိနပ်ကို စွတ်နေသည်။
“အိခ်ျ…အားး။။ မရဘူးဟ”
“ဆိုက်ကြီးတာပြောင်းဝတ်ကြည့်ပါလား”
“ဒါက ၂၆ ဟ”

သူလည်း မရသည့်အဆုံး ဆိုင်ဝန်ထမ်း တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး အကူအညီတောင်း တော့သည်။ အဲသည်ကျမှ ကျကျနန ဖိနပ်စီးလို့ရသွားတော့သည်။
“ဟေး။ အပြင်မှာ နှင်းတွေကျနေပြီ။”
ဟုတ်သည်။ နှင်းဖတ်ကလေးများက စက္ကူဖတ် သေးသေးလေးများ ဆုပ်ကျဲချလိုက်သည့်နှယ်။
ဆိုင်အပြင်ဘက်ကို ကသောကမျောလေးထွက်လိုက်ကြသည်။ လေးနေသည့် ဖိနပ်ကို အာရုံ မထားအားတော့။

နှင်းဖတ်ကလေးများကြား ဓါတ်ပုံရိုက်မည်ဟုမှ မကြံခင် နှင်းက ပြန်စဲသွားသည်။
သို့နှင့် တောင်ပေါ်တက်ကြရန် ကေဘယ်ကားစီးဖို့ လက်မှတ်အရောင်းကောင်တာ နားသွားကြသည်။ အသွားအပြန် လက်မှတ် ယမ်း ၁၈၀၀ အစား နေ့လည် ၁၂ နာရီကျော်လျင် ယမ်း ၁၅၀၀ နှင့် ရမည်ဆိုသဖြင့် ၁၀ မိနစ်ကျော် ထပ်စောင့်ကြသည်။

ခဏကြာတော့ ဟင်းသာ လက်မှတ်သွားဖြတ်သည်။ ပြန်လာတော့ လက်မှတ်က ပါမလာ။
“ကိုသန်းအတွက် ငှားထားတဲ့ နှင်းလျှောစီးတံတွေ၊ ဖိနပ်တွေပါရင် အဲဒီတစ်ယောက် အတွက် ၃၉၀၀တဲ့။”
“ဟဲ့ များလိုက်တာ။”
“ငါတို့ အဲဒီဖိနပ် ပြန်လဲလို့ ရမရ ဆိုင်ကို သွားမေးကြည့်ရအောင်”

ကိုသန်းကို ကြည့်လိုက်တော့ စိုးစိုးနှင့် ယင်းနှင်းလျှောစီးတံကြီးတွေ? ဖိနပ်ဘုတ်ပြားတွေ ကိုင်ကာ ဓါတ်ပုံ ရိုက်နေကြသည်။
နှစ်ယောက်သား ဆိုင်ထဲဝင်သွားပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးကို မေးတော့ ရသည် ဆိုသဖြင့် ကိုသန်းကို လှမ်းခေါ်ကာ သူစီးထားသည့် ဖိနပ်ကို ချွတ်ခိုင်းပြီး ကိုယ်တွေ စီးသည့် ဖိနပ်မျိုးနှင့် ပြန်လဲရသည်။

သို့နှင့် ကောင်းကင်ကြိုးဆွဲ ကေဘယ်ကားကြီး စီးပြီး တောင်ပေါ် တက်ခဲ့ကြသည်။

Friday, May 7, 2010

Skiing (I)

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့။ အအေးဓါတ်ကဲသည့် ဖေဖေါ်ဝါရီနံနက်ခင်းတစ်ခု။ ထိုနေ့က သူငယ်ချင်းများနှင့် နှင်းလျှောစီးရန် ချိန်းထားသဖြင့် စောစောအိပ်ရာ က ထလိုက်သည်။ အတူတူစီးကြမည့် ရထားတွဲ လွဲမည်စိုးသဖြင့် ကိုသန်းနှင့် ကျိုတိုမှ သူငယ်ချင်းကို ဖုန်းဆက် ပြီးလှမ်းနှိုးလိုက်သည်။ သူတို့ကလည်း အဆင်သင့်ဖြစ်ပြီဟု ဆိုသည်။

အဲ့သည့်နောက် ကျိုတိုဘက်သွားမည့် ရထားမှီရန် စက်ဘီးခြေကုန်နင်းတော့သည်။ ကျိုတို မရောက်ခင် ယာမာရှိနဟု ခေါ်တွင်သည့် ဘူတာတွင် သူငယ်ချင်းများနှင့် အချိန်းအချက်ပြု ထားသည်။
ထိုမှတစ်ဆင့် ရထားပြောင်းစီးကာ ရှီဂဘူတာသို့ သွားရမည်ဖြစ်သည်။ ယင်း ဘူတာရောက်လျင် ဘတ်စ်ကား ထပ်စီးကာ နှင်းလျောသွားစီးကြမည့် တောင်ခြေကို သွားရ မည်ဖြစ်သည်။

ယာမာရှိနရောက်တော့ ရှိဂဘူတာသွားမည့် ကိုးဆေးလိုင်းဘက် ကိုသန်းနှင့် နှစ်ယောက်သား ထွက်လာကြသည်။
မျက်နှာမူကာ စောင့်နေသည့် ဘက်ခြမ်းတွင် ၁၀မိနစ်ကျော် ၁၅ မိနစ်အထိ ရထားက တစ်စီးမှ မလာ။ လူတွေကလည်း တန်းစီမနေ။

“ဟိုဘက်အခြမ်းက ရထားစီးရမယ်ထင်တယ်” ဟု ကိုသန်းက ပြောသည်။ သို့သော် သွားရ မည့် ဘူတာကို ညာဘက်အခြမ်းက စီးရန် မျှားပြထားသည်။

ရထားအချိန်ဇယားပြထားသည့် ဒီဂျစ်တယ်ဘုတ်ကိုကြည့်လိုက်တော့ ရထားတစ်ချို့ နောက်ကျမည်တဲ့။ ရထားဝန်ထမ်းလေး တစ်ဦးကလည်း စပီကာငယ်ဖြင့် ကြေညာနေသည်။
“ဟို ၀န်ထမ်းလေးကို သွားမေးရအောင်။”
ကိုသန်းပြောသလိုပင် ဘယ်ဘက်ခြမ်းက စီးရမည်။

မကြာခင် ရထားဟောင်းကြီး တစ်စင်း လေးတွဲတွဲဖြင့် ဘူတာတွင်းသို့ ၀င်လာသည်။ ရထားဝန်ထမ်းလေးက ထိုရထားကို စီးရန် အနားလာပြောသဖြင့် ကသောကမျော ရထားထဲ ပြေးဝင်လိုက်ကြသည်။ ဒီအတိုင်းဆိုလျင် ကျိုတိုမှ လာမည့် သူငယ်ချင်းအဖွဲ့နှင့် လွဲတော့မည် ထင်သည်။

သူငယ်ချင်း ဟင်းသာ ကို ဖုန်းလှမ်းခေါ်လိုက်သည်။
"နင်ဘယ်မှာလဲ။"
"ရထားပေါ်မှာ။"
"အမြန်ရထားလား။ အနှေးလား။"
"အမြန်ရထားဖြစ်မယ်။ အတော်မြန်ပုံပဲ" ဟု ဟင်းသာက ဆိုသည်။

ဒါဆိုရင်တော့ လွဲခြေပြီ။ မထူးတော့ပြီမို့ ရှီဂ ဘူတာကျမှ ဆုံကြရန် ပြောလိုက်သည်။ အမြန်ရထားပေါ်လိုက်ပါသွားသည့် သူတို့အား ရှိဂဘူတာတွင် ကိုယ်နှင့် ကိုသန်းကို စောင့်ပေးရန် ပြောလိုက်သည်။

XXXXXXXXXXXX

နောက်သုံးဘူတာအရောက်မှာတော့ လူတော်တော်များများဆင်းသွားသည်။ ရထားပေါ်တွင် လည်း လူအတော်ရှင်းသွားသည်။ လွတ်သွားသည့် နှစ်ယောက်ခုံတစ်ခုပေါ် ပစ်ထိုင်ချပြီး ခဏမှေးရန် ပြင်လိုက်သည်။ ကိုသန်းက နောက်က ခုံတွင် ၀င်ထိုင်လိုက်သည်။

ရှီဂပြည်နယ်တွင် နေထိုင်သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ဒီလမ်းကြောင်းနှင့် ဒီမြို့များ ဆီကိုတော့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ တစ်မျိုးတော့ အမြင်ဆန်းလို့ နေသည်။ စပါးကွင်းကျယ်ကျယ် အိမ်ပုပုငယ်ငယ်များနှင့် ဟိုးအဝေးက တောင်ညိုညိုတွေကို လှမ်းမြင်နေ ရသည်။

နောက်တစ်ဘူတာတွင် အသက်၈၀ နီးပါး အဘွားတစ်ဦး လှုပ်လှုပ် လှုပ်လှုပ်ဖြင့် ရထားပေါ်က ဆင်းသွားသည်။

ရထားက တောင်တွေရှိလာဘက် တဖြည်းဖြည်းနီးလာလေလေ တောင်ညိုညိုထိပ်က နှင်းစိုင် တွေကို မြင်လာရလေလေ ဖြစ်သည်။
ကိုသန်းကို ပြောပြဖို့ လှည့်ကြည့်လိုက်တော့ ပါးစပ်ဟပြီး အိပ်ပျော်နေသည်။ မနက်က အစောကြီး ထခဲ့ကြရသည်ကိုး။

ရှီဂဘူတာနားနီးလာလေလေ ဆီးနှင်းဖုံးလွှမ်းနေသည့် တောင်ညိုညိုကို အနီးကပ် မြင်လာရ လေဖြစ်သည်။ ဒါ ဘီဝကို့တောင်ကြားပဲဖြစ်မည်။

“ကိုသန်း ဆင်းကြရအောင်။”
မလှုပ်။
“ကိုသန်း ဆင်းကြရအောင်။”

“ကိုသန်း”
ဒုန်း။ ဒုန်း။
ထိုင်ခုံနောက်မှီကိုထုလိုက်တော့မှ ကိုသန်း လန့်ဖျန့် နိုးလာသည်။
“ရောက်ပြီလား။”
“အင်း။ ရောက်ပြီ။”

ရထားတွဲ ရှေ့ပေါက်တွင် ဆင်းမည့်သူ ကိုယ်တို့နှစ်ဦးသာရှိသည်။
နောက်ပေါက်တွင်တော့ လူအနည်းငယ်ဆင်းမည်။
ဟင်။

“ဟဲ့။”
ကြည့်လိုက်တော့မှ နောက်ပေါက်က ဆင်းမည့်သူများမှာ ဟင်းသာနှင့် အဖွဲ့ဖြစ်နေသည်။ ရထားတစ်စီးတည်းအပေါ်မှာ တစ်တွဲတည်း အတူစီးလာပြီးကာမှ လွဲကြရသည်။
“ဟဲ့၊ နင်ပြောတော့ အမြန်ရထားနဲ့ဆို။”
“ဟီးဟီး။ စီးလာတုန်းက အမြန်ရထားလားလို့။ “

ဟင်းသာနှင့် အတူ ကြည်နှင့် စိုးစိုးပါလာသည်။ ဘူတာအပြင်ဘက်မှာ လူသူကင်းရှင်းလှ သည်။ ဘူတာအပြင်ရောက်သည်နှင့် တောင်ကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ဖို့ ပြင်ကြ တော့သည်။
“ငါတို့ ဘတ်စ်ကား အချိန်ကြည့်ရအုံးမယ်နော်” ဟုဆိုပြီး ဟင်းသာနှင့် နှစ်ယောက်သား ပေ ၂၀ သာသာအကွာရှိ ဘတ်စ်ကား မှတ်တိုင်လေးဆီသို့ ထွက်ခဲ့သည်။ မှတ်တိုင်လေးနား ရောက်တော့ ရန်ကုန်ကို သတိယချင်သလိုဖြစ်သွားသည်။

အမိုးသာရှိပြီး ထိုင်ခုံမရှိသည့် လူနားနေစရာလေးနှင့် မှတ်တိုင်လေးမှာ သံချေးလည်း တက် လို့နေသည်။

ဟင်းသာက ဘတ်စ်ကားအချိန်ဇယားကို ကြည့်ပြီး “ဘတ်စ်ကားက နောက် ၁၅ မိနစ်လောက် မှလာမယ်။ ငါတို့ ဓါတ်ပုံဆက်ရိုက်ကြတာပေါ့” ဟု ပြောလိုက်သည်။

ဒီလိုနှင့် ဘက်စ်ကားကြီးတစ်စီး ဆိုက်လာသည်။
လူတစ်ဦးမှ မပါလာသည့် ဘတ်စ်ကားကြီးပေါ် ငါးယောက်သား အူယားဖားယား တတ်လိုက် ကြသည်။ ရှုခင်းကောင်းကောင်းမြင်ရဖို့ ကားရှေ့ဆုံးခုံများတွင် နေရာယူလိုက်ကြသည်။


“ငါတို့ ချည်းပါပဲလား။ ငါတို့အတွက် သီးသန့်စင်းလုံးငှားဘတ်စ်ပေါ့။ ခွီးခွီးခွီး။”
မကြာပါ။ လူငယ်စုံတွဲလေး တက်လာသည်။ နောက်တော့ မိသားစုတစ်စု။နောက် နှင်းလျှောစီးကိရိယာများနှင့် လူသုံးဦး။

Sunday, May 2, 2010

outing

ဒီနေ့တော့ တရုတ်သူငယ်ချင်းလေးနဲ့ ကျိုတို၊ ရှီဂျိုး-ကာရာဆုမား က ဘူဖေး စတိုင် စာရာ (Buffet Style Sara) ဆိုတဲ့ အ၀စား စားသောက်ဆိုင်ကလေးမှာ နေ့လည်စာ စားဖြစ်ကြပါ တယ်။ စားတယ်ဆိုတာကလည်း သူ့ရဲ့ host family မစ္စစ်ခါဝခါမိက ဖိတ်လို့ပါ။

စားသောက် ဆိုင်က Cocon Karasuma လို့ ရေးထားတဲ့ အဆောက်အဦးရဲ့ သုံးလွှာမှာပါ။ အဲဒီ သုံးလွှာမှာ တခြား စားသောက်ဆိုင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီဆိုင်လေးကတော့ လူလည်းများ သလို စားဖို့ တန်းစီပြီး စောင့်နေတဲ့သူတွေ အတော်များပါတယ်။

မစ္စစ်ခါဝခါမိက ကြိုတင် ဘွတ်ကင် လုပ်ထားတဲ့အတွက် သုံယောက်သား တန်းပြီး ၀င်သွားလို့ ရပါတယ်။ အပြင်က သဘာဝ အလင်းရောင် ကောင်းကောင်းရနိုင်ပါရက်နဲ့ အလင်းဝင် တဲ့ မှန်ချပ်တွေကို ပိတ်ကွယ် သလိုဖြစ်နေတဲ့ အတွင်းဒီဇိုင်းအပြင်အဆင်ကြောင့် ဆိုင်ကလေးက ရုတ်တရက် ဆိုရင် မှောင် ကုပ်ကုပ်ဖြစ်နေပါတယ်။

စားပွဲထိုးကလေးက စားချိန် မိနစ် ကိုးဆယ် သတ်မှတ် ထားကြောင်း၊ အ၀စားလို့ရတဲ့ အစား အသောက်အပြင် အဖျော်ယာမကာ သောက်ချင်ရင်တော့ သီးသန့်ထပ် မှာရမှာဖြစ်ကြောင်း လာရှင်းပြပါတယ်။

မစ္စစ်ခါဝခါမိက သူ့ရဲ့ ယောက်မ ရောက်မလာသေးတဲ့ အတွက် ထပ်စောင့်လို့ ရမလားလို့ မေးတော့ အခု ဧည့်သည်တို့ ၀င်လာတဲ့အချိန်ကနေစပြီး အချိန်မှတ်တာပါလို့ စားပွဲထိုးက ပြောပါတယ်။ ဒါနဲ့ သုံးယောက်သား အစားအသောက်တွေ စယူဖို့ ပြင်ကြပါတော့တယ်။

ကိုယ်ကတော့ နေ့လည် စာ အိမ်က နည်းနည်းစားလာတာနဲ့ သိပ်မစားတော့ပါဘူးလို့ တွက်ထားလိုက်တယ်။ အများစုကတော့ မြင်နေကြ၊ စားနေကြ ကြက်ရယ်၊ အမဲစတိတ်ရယ်၊ ငါးရယ်ကို လှအောင် ချက်ထားတဲ့ ဟင်းအမယ်တွေပါပဲ။

အသစ်အဆန်းဆိုလို့ သရက်သီးမှဲ့ကို စက်နဲ့မွှေပြီး ရွှေဖရုံသီးနဲ့ ရောနယ် ချက်ထားတဲ့ ဟင်းလျာလေးပါပဲ။ အဲဒါလေးက စားလို့လည်း အတော်ကောင်းလို့ မစ္စစ်ခါဝခါမိကိုလည်း အဲဒါလေး စားကြည့်ဖို့ ညွန်းလိုက်ပါ သေးတယ်။

ကိုယ်တို့ စစားတုန်းမှာပဲ မစ္စစ်ခါဝခါမိရဲ့ ယောက်မ ရောက်လာပါတယ်။ သူ့နာမည်ကလည်း ခါဝခါမိပါပဲ။ ဒါက သူတို့ရဲ့ မျိုးရိုးနာမည်မို့ ပါ။ သူ့ကိုယ်ပိုင်နာမည်ကတော့ မိတိုရိပါ။ မစ္စမိတိုရိက အိန္ဒိယကို အလည်အပတ်သွားရာက နေ ပြန်ရောက်လာတာ မကြာ သေးပါဘူး။

အိန္ဒိယနိုင်ငံကို ဘယ်လိုမြင်သလဲ။ ဘာထူးလဲလို့ မေးကြတော့ ပိုက်ဆံတောင်းနေ တဲ့သူတွေ၊ အစားအစာ တောင်းနေတဲ့သူတွေ အများကြီးတွေ့ ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီး သူစီးလာတဲ့ တိုးဘတ်စ်ကြီး ယာဉ်ကျော တစ်လိုင်းကနေ နောက်တစ်လိုင်းကို ပြောင်းပြီး တခြားကားတွေကို ဖြတ်ကျော်မောင်းတက်သွားတာကို အထူးအဆန်းအနေနဲ့ ပြန်ပြောပြ နေပါတယ်။ ငါတို့ နိုင်ငံမှာလည်း အဲသလိုပါပဲလို့ ကိုယ်က သူ့ကို ပြောမိ ပါသေး တယ်။

ကိုယ်လည်း မစားဘူး၊ မစားဘူးနဲ့ အချိုပွဲအပါအ၀င် သုံးပွဲလောက် စားလိုက်မိတာ အခုထိ ရင်ခေါင်းထဲ တောင့်နေတုန်းပါပဲ။ အအေးတောင် ကောင်းကောင်း မသောက်နိုင်ခဲ့ပါဘူး။ ဒီဆိုင်က မနက် ၁၁ နာရီကနေ ညနေ ငါးနာရီ ကြားဆိုရင် တစ်ယောက် ယန်း ၁၆၀၀နှုန်းယူပါ တယ်။ ညစာအတွက်ဆိုရင် နည်းနည်း ပိုဈေး ကြီးပါတယ်။

မိနစ် ၉၀ မပြည်ခင်မှာ အချိန်စေ့တော့ပါမယ်လို့ စားပွဲထိုးက ပြောတာနဲ့ လေးယောက်သား စကားလည်း ဖြတ်၊ အစားလည်း ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာတော့ နှစ်ယောက်သား ဟိုစတိုးဆိုင်ဝင်၊ ဒီစတိုးဆိုင်ဝင်နဲ့ ၀င်ပြီး ကျိုတို မြို့တော်ခန်းမနား အရောက် မှာ မြေအောက် ရထားစီးဖို့ ဆင်းလာ ခဲ့ကြပါတယ်။

ဒီရက်တွေက ဂျပန်မှာ ရုံးပိတ်ရက်ရှည်ရတဲ့ Golden week ဖြစ်တာရော၊ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်တာရော ကြောင့်ပါ ရှိဂျိုးလမ်းတစ်လျှောက်မှာ လူတွေကလည်း များလှပါတယ်။

မြေအောက်ထပ်မှာတော့ နိုင်ငံခြားသားတစ်ယောက်က ကလဲနက်မှုတ်ပြီး ဖျော်ဖြေတာတွေ့ တာနဲ့ နှစ်ယောက်သား ပရိသတ်ထိုင်ဖို့ ချပေးထားတဲ့ ခုံတန်းလေးတွေမှာ ၀င်ထိုင်ရင်း သူ့ရဲ့ နောက်ဆုံးတေးသွားလေးကို နားထောင်ဖြစ်ခဲ့ကြ ပါတယ်။

ဒီနေ့က နေကလည်းသာသမို့ ရာသီဥတုလည်း သာယာပြီး အချမ်းလည်း ပေါ့လို့နေပါတယ်။ အိမ်အပြန် ရထားပေါ် ကနေ မြင်ရတဲ့ နေ၀န်းနီနီနဲ့ နေ၀င်ဆည်းဆာရဲ့အလှကလည်း ညနေခင်း လေးရဲ့ အလှကို ပိုပြီး ပီပြင်စေလို့နေပါတော့တယ်။


Saturday, May 1, 2010

အစာပြတ်နေတဲ့ စိတ်

ဇီဇာကြောင်နေတဲ့ စိတ်
မရောင့်ရဲချင်တဲ့ စိတ်
အပူအစပ်ရှောင်ချင်တဲ့ စိတ်
အငန်၊ အခါး မတွေ့လိုတဲ့ စိတ်
အခုတော့ အစာပြတ်နေ။