Saturday, April 11, 2009

ဒိုင်ယာရီ (စက်တင်ဘာ ၂၀၀၈)

“Ricard”ဟု ၀ှိုက်ဘုတ်ပေါ်တွင် ဆရာကြီးက ရေးလိုက်ပြီးနောက် ဘောဖျက်နှင့် ဖျက်လိုက် သည်။ နောက်တစ်ကြိမ် Ri ထပ်ရေးပြီး ထပ်ဖျက်လိုက်ပြန်သည်။ ဆံပင်ငွေရောင် အသားဖြူဖြူ ပိန်ပိန်း ပါးပါးနှင့် မပုလွန်းမရှည်လွန်းသော ဆရာကြီးသည် ရီကားဒီးယန်း မော်ဒယ်အကြောင်းကို ရှင်းပြရန် အရှိန်ယူနေရှာသည်။
“ရီကားဒီးယန်း’ဟု အစချီလိုက်သည့် ဆရာကြီး၏ အသံဝဲ၀ဲ မျှင်မျှင်လေး ထွက်လာသည်။
ယနေ့ဆိုလျင် ကျောင်းဖွင့်ပြီး ငါးရက်မြောက်နေ့ရှိပေပြီ။ နိုင်ငံတကာဘောဂဗေဒ ဘာသာရပ်အတွက် ပထမဆုံးသော သင်တန်းချိန်ဖြစ်သည်။ အတန်းပြီးလျင် အိမ်တန်းပြန်မည်။ အိမ်ကို ညနေ လေးနာရီ ကျော်ကျော်လောက်တော့ ရောက်သွားပေမည်။ အဲဒီအချိန်ဆိုလျင် ရန်ကုန်မှာ နှစ်နာရီ လောက်သာ ရှိပေအုံးမည်။ မောင်လည်း ရုံးဆင်းအုံးမည် မဟုတ်သေး။ မောင်နှင့် ဂျီတော့ခ်ပေါ်တွင် ပြန်တွေ့နိုင်မည်။ မောင့်ကို သတိယသည်။ မောင်နှင့် စကားပြောပြီး မောင်ရုံးဆင်းမှသာ စာကြည့်မည်။
“ဒေးဗစ်ရီကားဒိုး………’
ဆရာကြီးသည်ရီကားဒီးယန်းမော်ဒယ်ကို ရေးခဲ့သူ၏ အကြောင်းကို အကျဉ်းချုပ် ရှင်းပြ နေသည်။ ဆရာကြီးဝတ်ထားသည့် ရှပ်အကျီ င်္သည် စွတ်စွတ်ဖြူပြီး ဖွေးကာ သန့်စင်လွန်းလှ သည်။ မောင်သည်လည်း အဖြူစွတ်စွတ် ရှပ်အကျီ င်္နှင့် လွန်စွာလိုက်ဖက်မည့် သဘောရှိသည်။ စေ့စပ်သည့် အထိမ်းအမှတ် သူငယ်ချင်းများကို ညစာကျွေးသည့်နေ့က ၀တ်သည့် ဆင်စွယ်နု ရောင် အကျီ င်္လေးနှင့်ပင် မောင်သည် အလွန်ကြည့်ကောင်းလှသည်။ လေးကိုင်းသဖွယ် ကွေး ကာ အလယ်တွင် ထိစပ်မတတ်ရှိပြီး (ကျွန်မထက်စာလျင်) ထူထဲသည့် မောင်၏ မျက်ခုံးများ ကြောင့် မောင့်မျက်နှာက ပိုပြီးထင်းလို့နေသည်။
ပြုံးရယ်လိုက်လျင် ချိုအီဝင်းပသွားသည့်မောင့်မျက်နှာသည် တစ်ခါတစ်ရံ မိတ်ကပ်ကူ သည့်ကြားကပင် အရောင်မတက်ချင်သည့် ကျွန်မနှင့်တော့ (အနည်းငယ်) ကွာသည်။ ကျွန်မ သည် ဤမျှ ကြည့်ကောင်းလွန်းသည့်ယောက်ကျားတစ်ယောက်နှင့် စေ့စပ်ဖြစ်သည်အထိ ပတ်သက်၊ သက်ဆိုင်သွားလိမ့်မည်ဟု ဘယ်တုံးကမှ မထင်ထားခဲ့ပါ။ မောင်သည် မိန်းကလေး များ၏ စိတ်ကိုတော့ သိပ်နားလည်ပုံ ရှိဟန်မတူရှာ။ တစ်ခါတစ်လေ ညဘက်ကြီးလည်း ကား ဂိတ်တွင် ကျွန်မကို တစ်ယောက်တည်း ထားခဲ့တတ်သည့် မောင့်ကို ဘာကြောင့်များ တစ်ဘ၀ လုံးအတွက် သည်းခံလက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်လည်း မသိတော့ပါ။
‘Two countries, two goods, one factor…’
သီအိုရီအရ နှစ်နိုင်ငံ၊ ထုတ်ကုန်နှစ်မျိုးနှင့် သွင်းအားစုတစ်မျိုးအကြောင်း ဆရာကြီးက ဆက်လက်ရှင်းပြနေသည်။ ကုန်စည်နှစ်မျိုးသည် နှစ်နိုင်ငံအကြေား လွတ်လပ်စွာစီးဆင်းခွင့်ရှိ သော်လည်း သွင်းအားစုဖြစ်သည့် လုပ်သားကတော့ ကုန်စည်များလို လွပ်လပ်စွာ စီးဆင်း ခွင့်မရှိပါဟု ဆိုသည်။ မောင်နှင့် ကျွန်မသည်လည်း တစ်ယောက်တစ်နိုင်ငံတွင် ရှိနေကြသည်။ ရုပ်သဘောအရ အလွယ်တကူ တွေ့ဆုံပေါင်းစည်းလို့ မရသေးကြပေမယ့် ကျွန်မတို့ နှစ်ဦးကြား သွင်းအားစုဖြစ်သည့် ချစ်ခြင်းမေတာတရားကတော့ မိုင်တွေ ဝေးလို့ နိုင်ငံတွေခြားလည်း အပြန်အလှန်စီးဆင်းနေအုံးမည်သာ။
စူးစူးဝါးဝါးထွက်ပေါ်လာသည့် ကျောင်းဆင်းအချက်ပေးသံသည် ကျွန်မအတွက်တော့ ချိုမြိန်စရာ ကောင်းလှတော့သည်။