Thursday, March 18, 2010

ဖူကူအိုကာမြို့ကလေးဆီ


မနက်ဖြန် ခရီးထွက်ရမယ်ဆိုတော့ စိတ်က လှုပ်ရှားမိနေတယ်။ အသွားအပြန် ၄ ရက် ကြာ မယ်ဆိုတော့ သယ်သွားရမယ့် အ၀တ်အစားတွေ၊ လိုမယ့် ဆေးတွေ လှန်လှောရှာနေ မိတယ်။

အသွားကတော့ ဆေးရွန်းဂျုးဟချိကစ်ပု (Seishun juuhachi kippu)နဲ့သွားကြမှာပါ။ Seishun ဆိုတာကတော့ လူငယ်လူရွယ်၊ တက်သစ်စအရွယ်လို့ အဓိပ္ပါယ်ရပါတယ်။ juuhachi ကတော့ ၁၈ ပေါ့။ kippu ကတော့ လက်မှတ်ပါ။

ဒီလက်မှတ်က ကျောင်းသားတွေအတွက် ရည်ရွယ်ပုံရပါတယ်။ ဒါပေမယ့် အခုတော့ ဘယ်သူ မဆို ၀ယ်သုံးလို့ ရပါတယ်။ ဒီလက်မှတ်က တစ်နှစ်မှာမှ ကျောင်းပိတ်ချိန် နှစ်ရာသီမှာပဲ ရောင်း ပါတယ်။

ဥပမာ-အခု ဆောင်းရာသီ ကျောင်းပိတ်ချိန် ဖေဖေါ်ဝါရီလဆန်းကနေ ဧပြီလဆန်း ပထမ အပတ်အထိ ၀ယ်လို့ သုံးလို့ ရသလို နွေကျောင်းပိတ်ချိန် သြဂုတ်လဆန်းကနေ စက်တင် ဘာလ တတိယပတ်လောက်ထိ ၀ယ်လို့ သုံးလို့ရပါတယ်။

တစ်စောင်ကို ယန်း ၁၁၅၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ကျပ် တစ်သိန်း နှစ်သောင်းကျော်လောက် ကျမှာပါ။ ဒီလက်မှတ်လေးရဲ့ အားသာချက်ကတော့ တစ်ကြိမ် တည်းမှာ လူငါးဦးအတူတူစီးလို့ရပါတယ်။

လက်မှတ်ပေါ်မှာ တစ်ဦးကို တံဆိပ်တုံးတစ်တုံး ထုပေးလိုက်ပါတယ်။ သူက မနက်ရထားတွေ စထွက်တဲ့ ငါးနာရီကျော်ကနေ ညရထားသိမ်းချိန် ၁၂ နာရီ ကျော်အထိ ဒေသရထား (လော်ကယ်ရထား)တွေ ကြိုက်သလောက်စီးလို့ရပါတယ်။ ပိုက်ဆံထပ်ပေးစရာမလိုပါဘူး။

ဥပမာ ကျွန်းမကြီးဖြစ်တဲ့ ဟွန်းရှုး ပေါ်မှာ ရှိတဲ့ ကျိုတိုမြို့ ကနေ ၅၁၆ ကီလိုမီတာကွာဝေးတဲ့ ဖူကူအိုကာမြို့အထိ တစ်ယောက်ကို ယန်း ၉၇၀၀ ကျမယ့် ခရီးကို တစ်ယောက် ယန်း ၂၃၀၀ လောက်နဲ့ သွားနိုင်တာ မျိုးပါ။

ဒါပေမယ့် သူက သီးသန့် အထူးအမြန်ရထားတွေကိုတော့ သုံးလို့မရပါဘူး။ ဒါကြောင့် ဒီလက်မှတ်နဲ့ သွားရင် လူတော့ နည်းနည်းပင်ပန်းပါတယ်။ နောက်ပြီး ရန်ကုန်-မန္တလေး ရထားတွေလို တစ်စီးတည်း တစ်ကြောင်းတည်းနဲ့ ခရီးရောက်တာ မျိုးမဟုတ်ပါဘူး။ ရထားတွေ အဆင့်ဆင့် ပြောင်းစီးသွား ရပါတယ်။

အဲဒီတော့ ကောင်းကောင်း အိပ်လိုက်သွားမယ်လို့်မှ မကြံသေးခင် နောက်တစ်စီး ပြောင်းစီးရ မယ့် သဘောမျိုးပါ။ နောက်ပြီး နောက်တစ်စီးကို အချိတ်အဆက် မိအောင် ပြေးနိုင် ဖို့ကလည်း လိုပါသေးတယ်။

တစ်ချို့ဘူတာတွေမှာ နောက်တစ်စီးပြောင်း ချိန်က ၅မိနစ် လောက်ပဲ အချိန်ရတော့ ပလက် ဖောင်း တစ်ခုတည်းမှာပဲ ပြန်စောင့်စီးရရင် အကြောင်းမဟုတ် ပေမယ့် နောက်ပလက်ဖောင်း တစ်ခုကို ပြောင်းစီးရမယ်ဆိုရင်တော့ ပြေးနိုင်မှ တန်ကာကျမှပါ။

ကိုယ်အခုသွားမယ့် ဖူကူအိုကာမြို့ က ကျိုတိုကနေ ၅၁၆ ကီလိုမီတာ (မိုင်၃၂၀ကျော်) ဝေးပါ တယ်။ မနက် ၈နာရီခွဲထွက်ရင် ညနေ ၈နာရီခွဲလောက်မှ ရောက်သွား မှာပါ။ ဒါ ထမင်းစားချိန် မပါသေးပါဘူး။ ဘူတာတစ်ခုခုမှာ နေ့လည်စာ စားကြရင်တော့ ပိုကြာ သွားမှာပါ။

ရောက်တဲ့ညကတော့ ပင်ပန်းတာနဲ့ပဲ တန်းအိပ်ကြမယ့်သဘောရှိပါတယ်။ ဖူကူအိုကာမြို့ ကလေးက ဂျပန်နိုင်ငံမှာ ရှေးအကျဆုံးမြို့လေးတစ်မြို့လို့လည်း သိရပါတယ်။ ကျူးရှူးကျွန်း ပေါ်မှာ ဆိုရင် တရုတ်ပြည်နဲ့ရော ကိုရီးယားနဲ့ပါ အနီးဆုံးမြို့ဂိတ်ပေါက်လို့ ဆိုပါတယ်။

နောက်ပြီး စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ပုံပြင်လေးလည်းရှိခဲ့ဖူးတဲ့မြို့ပါ။ ဒီလိုပါ။ မွန်ဂိုအင်ပါယာ ကို ချဲ့ထွင်ခဲ့တဲ့ ကူဘလိုင်ခန်ဟာ ၁၂၆၈ ခုနှစ်မှာ ဂျပန်နိုင်ငံကို သံတမန်တစ်ဦးစေလွှတ်ပြီး မွန်ဂိုတွေရဲ့ လက်အောက်ခံအဖြစ် လက်ခံဖို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂျပန်ရိုဂွန် စစ်သူကြီးတွေက ငြင်းပယ်လိုက်တာကြောင့် ၁၂၇၄ခုနှစ်မှာ တပ်သား ၃၃၀၀၀ ပါဝင်တဲ့ သင်္ဘောအစီး ၉၀၀ ကို စေလွတ်ပြီး ဖူကူအိုကာ မြို့ဟောင်းနေရာကို ချီတက် သိမ်းပိုက်စေ ပါတယ်။ ဒါပေမယ့် တိုင်ဖုန်း မုန်တိုင်း ကြောင့် တပ်ဖွဲ့တွေဟာ ဆုတ်ခွာသွားခဲ့ရ ပါတယ်။

ဂျပန်နိုင်ငံရဲ့ ရာဇ၀င်မှာ ပြည်ပ ကျူးကျော်စစ်ကို ကြုံတာ အဲဒါ ပထမဆုံးအကြိမ်လို့ သိရပါ တယ်။ အဲဒီနောက်ပိုင်းမှာ ကျူကျော်သူတွေ ရန်က ကြံြ့ကံ့ခံနိုင်အောင် ယနေ့ ဖူကူအိုကာ (ယခင် ဟာကတမြို့) ရှိတဲ့ ဟာကတ ပင်လယ်အော်မှာ အမြင့် ၂မီတာကနေ ၃ မီတာအထိ ရှိပြီး ၂၀ ကီလိုမီတာကျော် ရှည်တဲ့ ကျောက်တံတိုင်းကြီးကို တည်ဆောက်လိုက်ပါတော့တယ်။

၁၂၇၉ ခုနှစ်မှာတော့ ကူဘလိုင်ခန်ဟာ ဂျပန်နိုင်ငံကို သံတမန်တွေ ထပ်ပြီး စေလွတ်လိုက်ပါ တယ်။ ဒါပေမယ့် အဲဒီအချိန်က အုပ်စိုးတဲ့ ဟိုးဂျိုးတာကိမုနဲ ဟာ ကူဘလိုင်ခန်ရဲ့ ကမ်းလှမ်း ချက်ကို လက်မခံတဲ့အပြင် မွန်ဂိုသံ ငါးဦးကိုလည်း ခေါင်းဖြတ်သတ်လိုက်ပါတယ်။
ဒီသတင်းကြားလေတဲ့ ကူဘလိုင်ခန်ဟာ ဒေါသအမျက် ချောင်းချောင်းထွက်လေသမို့ ၁၂၈၁ ခုနှစ်မှာ စစ်သည် တစ်သိန်း လေးသောင်းကို သင်္ဘောအစီး ၄၀၀၀ နဲ့ စေလွှတ်လိုက်ပါတယ်။

စစ်သည် လေးသောင်းသာ ရှိတဲ့ ဂျပန်တပ်ဟာ မွန်ဂိုတပ်ကို အင်အားချင်းမယှဉ်သာပါဘူး။ မွန်ဂိုတွေဟာ ဖူကူအိုကာ မြို့ရဲ့ တောင်ဘက် ၁၅ကီလိုမီတာ အကွာအထိ ချဉ်းကပ်လာ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဖြစ်ချင်တော့ တိုင်ဖုန်းမုန်တိုင်း ပြင်းပြင်းထန်ထန်ကျရောက်ပြီး မွန်ဂိုတွေဘက်က သင်္ဘောတွေဟာ မုန်းတိုင်းအောက်မှာ မရှုမလှ ပျက်စီးနစ်မြုပ်ကုန်ပါတော့တယ်။ သဘာဝရဲ့ မျက်နှာသာပေးမှုကြောင့် ရန်သူဘေးက လွတ်မြောက်ခဲ့ရတဲ့ ဂျပန်တွေဟာအဲဒီ မုန်တိုင်းကို ကျေးဇူးတင်လွန်းလို့ (Kamikaze) လေနတ်မင်းလို့ ခေါ်တွင်ကြပါတယ်။

သူတို့ကို လေနတ် မင်းက ကယ်မ လိုက်တယ်လို့လည်း ယူဆကြပါတယ်။ အသိ ဂျပန်အဘ ကြီးကတော့ အဲဒီအချိန်က မွန်ဂိုတွေ စစ်ရှုံးတာ တိုင်ဖုန်းမုန်တိုင်း အဖြစ်များတဲ့ ရာသီနဲ့ ကြုံကြိုက်သွားလို့လို့ ဆိုပါတယ်။

အဲဒီလို စိတ်ဝင်စားစရာ သမိုင်းတွေနဲ့ သာယာလှပတဲ့ ကမ်းခြေရှိတဲ့ မြို့ကလေးကို မနက်ဖြန် ည ဒီအချိန်ဆိုရောက်နေလောက်ပါပြီ။ သယ်သွားမယ့် အ၀တ်အစားတစ်ချို့က စိုထိုင်းထိုင်း ဖြစ်နေတာမို့ မီးပူထိုးရအုံးမှာပါ။ မနက် ငါးနာရီခွဲလောက် ထရမှာမို့ ဒီတွင် ရပ်ပြီး ပစ္စည်းတွေ လည်း ဆက်သိမ်းလိုက်ပါအုံးမယ်။

Ref: http://en.wikipedia.org/wiki/Fukuoka
http://kikuko.web.infoseek.co.jp/english/seishun-juuhachi-kippu.html

No comments:

Post a Comment