Showing posts with label skiing at Biwako Valley. Show all posts
Showing posts with label skiing at Biwako Valley. Show all posts

Thursday, May 13, 2010

Skiing (III)

ကေဘယ်ကားက တောင်ပေါ်ကို တရွေ့ရွေ့တက်လာသည်နှင့် နှင်းများ အဆုပ်လိုက် အဆုပ်လိုက် ကြဲပက်လို့ထားသည့် တောင်စောင်းများကို အနီးကပ်မြင်လာရသည်။ တောင်ထိပ်နားနီးလာတော့ ဖွေးဖွေးဖြူနေသည့် နှင်းလွင်ပြင်ကြီးထက် နှင်းလျှောစီးနေ သည့် လူတစ်ချို့ကို မှုန်ပျပျလေး မြင်လိုက်ရသည်။

“ဟိုမှာကြည့်စမ်း၊ ဟိုမှာကြည့်စမ်။”
“ဟုတ်ပ။ လှမှလှ”
“ငါတို့ တောင်ပေါ်ရောက်ရင် နှင်းလျှောစီးဖို့ ပစ္စည်းတွေ ပြန်ရှာ ငှားကြည့်ကြတာပေါ့ဟာ”

ဒီနေရာရောက်ပြီးကာမှ နှင်းလျှောမစီး လိုက်ရပဲတော့ ပြန်မသွားချင်။ ယခုဆောင်းသည် ကိုယ့်အတွက် ဂျပန်တွင်နောက်ဆုံးကြုံရသည့် ဆောင်းမို့ နောင် အခွင့်အရေး ထပ်ရချင်မှ ရ တော့မည်။ ကေဘယ်ကားပေါ်က ဆင်းလိုက်သည်ဆိုရင်ပဲ မျက်နှာကို ရေခဲရေနှင့် ဖြန်းပက်လိုက်သလို အေးသွားရသည်။

ဘယ်ကြည့်ကြည့် ဖွေးဖွေးဖြူနေသမို့ ကြည့်လို့ပဲ ကောင်းနေသေးတော့ သည်။ ရေခဲခြစ်မှုန်လေးတွေလို ဖြူဖြူမွမွ နှင်းဖတ်လေးတွေကို ကျုံးပြီးကိုင်လိုက်သည်။ အေးလိုက် သည့် ဖြစ်ခြင်း။
ကိုယ်နေသည့် မြို့က ယခုနှစ် နှင်းကောင်းကောင်းမကျခဲ့။ မှတ်မှတ်ရရ သုံးရက်လောက် သာ နှင်းကျသွားသည်။

ဟင်းသာနှင့် ကြည့်ကိုပါခေါ်ကာ နှင်းတောထဲ ကုန်းကုန်းကွကွနှင့် ပုံကို ဓါတ်ပုံရိုက်ကြသည်။ ဆံပင်ဖုတ်သိုက်နှင့်ကိုယ့်ပုံစံက စွတ်ဖားခွေးနှင့်ပင် တူနေသယောင်။

နေ့လည် နာရီပြန်တစ်ချက်တီးပြီမို့ ၀မ်းဖြည့်ဖို့ စားသောက်ဆိုင်ထဲဝင်ကြသည်။ တစ်ဦး ယန်း ၁၅၀၀ ပေးရသည့် အ၀စား ဘူဖေးလ်ဆိုင် ဖြစ်သည်။ ဆိုင်က မှန်များဖြင့်သာ ကာရံထားသမို့ အပြင်ကိုလည်း အတိုင်းသာ မြင်နေရသည်။ ဟိုးခပ်လှမ်းလှမ်း ကုန်းပေါ်က စကီးစီးနေ ကြသည့်သူများကိုလည်း မြင်နေရသည်။ တစ်ချို့က ကုန်းပုကလေးများကို လွှားကနဲ ကျော်စီးသွားသည်။

အရင်အပတ်က နာဂါနိုတွင် နှင်းလျှောသွားစီးသည့် အင်ဒိုနီးရှားသူငယ်ချင်းမက တောင်ကုန် ပေါ်မှ လျှောဆင်းလာပုံကို ဗီဒီယိုရိုက်ကာ ဖေ့စ်ဘွတ်ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။ ကိုယ်လည်း အဲသလို ရိုက်မည်ဟု စိတ်က တေးထားသည်။

ငယ်ငယ်က နိုင်ငံတကာ ဂြိုလ်တုသတင်းတွင် ကြည့်ရသည့် ဆောင်းရာသီ နှင်းလျှောစီးပြိုင်ပွဲ၌ ပြိုင်ပွဲဝင်သူက နှင်းလျှောစီးတံဖြင့် ဟိုထောက် ဒီထောက်ထောက်ကာ ကုန်းပေါ်က လျှောဆင်းလာပြီး အရှိန်ရမှ လေဟုန်ထဲ ပျံကြွကာ မြေပြင်ပေါ်ကို ကြောင်ကျ ကျသကဲ့သို့ အသာအယာ ဆင်းသက်ပုံကို အားကျမိသည်။

သူတို့လောက်မလုပ်နိုင်လျင်တောင်မှ အင်ဒိုနီးရှားသူငယ်ချင်းမ လောက်တော့ လုပ်မှဖြစ်မည်။ နည်းနည်းပါးပါး လဲတာ၊ ကွဲတာကတော့ သီးခံမည်။ အသက်အန္တရာယ် မရှိရင်ပြီးရော ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။

စားသောက်ပြီး အပြင်ထွက်လာတော့ စတွေ့သည့် ကစားကွင်းငယ်လေးထဲ ၀င်လိုက်ကြသည်။ တစ်ယောက် ယမ်း ၅၀၀။

အဲ နောက်မှ သည်ကစားကွင်း ကလေးက ကလေးငယ်များနှင့် မိဘများအတွက် လုပ်ပေးထားသည့် ကစားကွင်းကလေးမှန်း သိရသည်။ ကလေးငယ်ဆိုလို့ ဆယ်ကျော်သက် အရွယ်တောင် သိပ်မတွေ့ရ။ လေးငါးခြောက်နှစ် အရွယ် ကလေးများနှင့် မိဘများသာ။ ကုန်းကလေးကလည်း ပေ ၃၀၊ ၄၀ ကျော်သာ ရှိမည်ထင်သည်။

မထူးပြီမို့ ကလေးငယ်များလို ကြိုးတပ်ထားသည့် ကော်ဒယ်ပြားလေးများ ကိုင်ကာ ယင်းကုန်းလေးပေါ်တက်ကြသည်။ တက်တာတောင် အလိုအလျောက်ရွေ့သည့် စက်တပ်ကြမ်းပြင်ပေါ်တက်လိုက်လာခြင်းဖြစ်သည်။

နောက်ကလေးငယ်လေးများ လုပ်သလို ဒယ်ပြားလေးအတွင်း ထိုင်ချကာ ကြိုးကလေးကို လက်ကကိုင်ရင်း ခြေထောက်ရှေ့ပစ်ကာ ကုန်းထက်မှ အသာကလေး လျှောချလိုက်သည်။

တဗျစ်ဗျစ်နှင့် လျှောဆင်းသွားသည့် ဒယ်ပြားလေးထက် ထိုင်းရင်း အသည်းထဲ တညိမ့်ညိမ့်။ အောက်ခြေရောက်တော့ ဒယ်ပြားလေး ဆွဲကာ အပေါ်ပြန်တက်။ တစ်ခါ လျှောဆင်းဖြင့် ကလေးကစားကွင်းထဲ လူကြီးများ ပျော်နေလိုက်ကြသည့် ဖြစ်ခြင်း။