
တောင်ပေါ်မတက်ခင် လိုအပ်သည့် နှင်းတောစီး ကိရိယာများ ငှားရန် တောင်ခြေက အငှားဆိုင်အတွင်း ၀င် လိုက်ကြသည်။
ဆိုင်ထဲတွင်တော့ ကိုယ့်လိုပင် လိုအပ်သည့် ပစ္စည်းများ ငှားရမ်းနေသူများကို တွေ့ရသည်။
ဂျပန်စာကျွမ်းကျင်သည့် ဟင်းသာက ဦးဆောင်ပြီး ငှမ်းရမ်းမည့် ပစ္စည်းစာရင်းကို ပုံစံစာရွက် တွင် ဖြည့်သည်။

နှင်းကာမျက်မှန်တစ်လက် ကို ယမ်း ၁၀၀၀ ဆိုသဖြင့် သုံးလက်ငှားလိုက်သည်။ နောက်ပြီး နှင်းတောထဲ စီးဖို့လည်ရှည် နှင်းတောစီး ဖိနပ်လေးစုံငှားသည်။ ကိုသန်းကိုတော့ ရေယက်လို ခြေနင်းပြားအရှည်နှင့် နှင်းလျှောစီးဖိနပ် ငှားခိုင်းလိုက်သည်။ ပြီးလျင် တစ်ယောက်တစ်လှည့် စီးကြမည်။
ကြည်ကတော့ ရေစိုခံသည့် အ၀တ်အစားမပါလာသဖြင့် မိုးကာသားနှင့် ချုပ်ထားသည့် အားကစားဝတ်စုံလို ၀တ်စုံတစ်စုံငှားသည်။
အ၀တ်အစားလဲပြီး ဖိနပ်စင်များဆီသို့ သွားသည်။
ခြေထောက် ဆိုက်က ၂၃ စင်တီမီတာ ရှိသမို့ ဆိုက် ၂၃ ကို ရွေးယူလိုက်သည်။
သို့သော် ခြေသလုံး အလယ်နားလောက်အထိရှည်သည့် ဖိနပ်က ထူလှသဖြင့် ခြေဖိနောင့်နှင့် ခံကာ တစ်နေသည်။
ဆက်သွင်းမရတော့သမို့ ခြေဖမိုး ပေါ်ကို ထိမ်းပတ်ထား သည့် သံဘတ်ကယ်တွေ အကုန်ု ဖြုတ်သည်။ မရ။ ဖိနပ်ကြိုးတွေဖြုတ်ကြည့်သည်။ မရ။ အဆုံးမတော့ ဆိုက် ၂၄ ကို လှမ်းယူလိုက်သည်။ ဒါလည်း မတော်ပြန်။ နောက်ဆုံး ၂၅ နှင့် ကျမှ ခြေထောက်အထဲ သွင်းလို့ ရသွားသည်။
ဖိနပ်ကြီး စီးပြီး လမ်းလျှောက်ကြည့်တော့လည်း တကယ့်ကို ခဲဆွဲပြီးလျှောက်ရသလို စိတ် သွားတိုင်း ခြေထောက်မပါ။
ချွေးတွေကလည်း စို့လာသည်။ ခြေထောက်နှစ်ဖက်ကို ခြေကျင်း အထက်နားက စပြီး ချုပ်ထားသလိုမျိုး။ မဆီမဆိုင် လည်ပင်းကပါ တစ်ဆို့ဆို့။ ရင်ခေါင်းကလည်း ဘော်လီ ကျပ်ကျပ် ၀တ်ထားရသလို အသက်ရှုမ၀ချင်။

ဟင်းသာကို ကြည့်တော့လည်း မောကြီး ပန်းကြီးနှင့် ဖိနပ်ကို စွတ်နေသည်။
“အိခ်ျ…အားး။။ မရဘူးဟ”
“ဆိုက်ကြီးတာပြောင်းဝတ်ကြည့်ပါလား”
“ဒါက ၂၆ ဟ”
သူလည်း မရသည့်အဆုံး ဆိုင်ဝန်ထမ်း တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး အကူအညီတောင်း တော့သည်။ အဲသည်ကျမှ ကျကျနန ဖိနပ်စီးလို့ရသွားတော့သည်။
“ဟေး။ အပြင်မှာ နှင်းတွေကျနေပြီ။”
ဟုတ်သည်။ နှင်းဖတ်ကလေးများက စက္ကူဖတ် သေးသေးလေးများ ဆုပ်ကျဲချလိုက်သည့်နှယ်။
ဆိုင်အပြင်ဘက်ကို ကသောကမျောလေးထွက်လိုက်ကြသည်။ လေးနေသည့် ဖိနပ်ကို အာရုံ မထားအားတော့။
နှင်းဖတ်ကလေးများကြား ဓါတ်ပုံရိုက်မည်ဟုမှ မကြံခင် နှင်းက ပြန်စဲသွားသည်။
သို့နှင့် တောင်ပေါ်တက်ကြရန် ကေဘယ်ကားစီးဖို့ လက်မှတ်အရောင်းကောင်တာ နားသွားကြသည်။ အသွားအပြန် လက်မှတ် ယမ်း ၁၈၀၀ အစား နေ့လည် ၁၂ နာရီကျော်လျင် ယမ်း ၁၅၀၀ နှင့် ရမည်ဆိုသဖြင့် ၁၀ မိနစ်ကျော် ထပ်စောင့်ကြသည်။
ခဏကြာတော့ ဟင်းသာ လက်မှတ်သွားဖြတ်သည်။ ပြန်လာတော့ လက်မှတ်က ပါမလာ။
“ကိုသန်းအတွက် ငှားထားတဲ့ နှင်းလျှောစီးတံတွေ၊ ဖိနပ်တွေပါရင် အဲဒီတစ်ယောက် အတွက် ၃၉၀၀တဲ့။”
“ဟဲ့ များလိုက်တာ။”
“ငါတို့ အဲဒီဖိနပ် ပြန်လဲလို့ ရမရ ဆိုင်ကို သွားမေးကြည့်ရအောင်”
ကိုသန်းကို ကြည့်လိုက်တော့ စိုးစိုးနှင့် ယင်းနှင်းလျှောစီးတံကြီးတွေ? ဖိနပ်ဘုတ်ပြားတွေ ကိုင်ကာ ဓါတ်ပုံ ရိုက်နေကြသည်။
နှစ်ယောက်သား ဆိုင်ထဲဝင်သွားပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးကို မေးတော့ ရသည် ဆိုသဖြင့် ကိုသန်းကို လှမ်းခေါ်ကာ သူစီးထားသည့် ဖိနပ်ကို ချွတ်ခိုင်းပြီး ကိုယ်တွေ စီးသည့် ဖိနပ်မျိုးနှင့် ပြန်လဲရသည်။
သို့နှင့် ကောင်းကင်ကြိုးဆွဲ ကေဘယ်ကားကြီး စီးပြီး တောင်ပေါ် တက်ခဲ့ကြသည်။

No comments:
Post a Comment