ငါ အဖော်မဲ့တဲ့ ညတွေ
ငါ့အတွက် ကဗျာတွေ
ရွတ်ပေးတတ်တဲ့ ဆရာ။
ငါ ဆာလောင်တဲ့ ညတွေ
ငါ့အတွက် မုန့်ထုပ်ကလေး
လာချပေးတတ်တဲ့ ဆရာ။
ငါ့မျက်နှာ ညိုးနွမ်းတဲ့အခါ
ရယ်ဖို့ ဟာသတွေ
ပြောပေးတတ်တဲ့ ဆရာ။
ငါ့မျက်နှာ ခက်ထန်တဲ့အခါ
အလိုက်တသိ
တိတ်ဆိတ်ပေးတတ်တဲ့ ဆရာ။
ငါ အနားသွားတဲ့အခါ
ပုလင်းကို အသာတွန်းဖယ် ၀ှက်ရင်း
ဆရာ မသောက်တော့ဘူး လို့
ပြောတတ်တဲ့ဆရာ။
ပိုက်တစ်ချောင်း နှာခေါင်းမှာတပ်လို့
အနေခက်လည်း
ငါ့အတွက် မမောတမ်း
နှလုံးသားအာဟာရ စာပေတွေ
ပြောပြတဲ့ဆရာ။
ငါ့အတွက် ငါ့ထက် ပျော်ရွှင်ပေးခဲ့တဲ့ဆရာ။
ငါ့အတွက် ငါ့ထက် ၀မ်းနည်းပေးခဲ့တဲ့ဆရာ။
ငါ့အတွက် ငါ့ထက် ဂုဏ်ယူပေးခဲ့တဲ့ဆရာ။
မိဘနှင့်လည်း မခြားသူ။
မိတ်ဆွေကောင်းလည်း ဖြစ်ခဲ့သူ။
ရဲဘော်ရဲဘက်။
သို့တိုင်အောင်
မကျေနပ်ဘူးဆရာ။
ဘာကြောင့်များ စိတ်ချလက်ချ
စွန့်ခွာသွားနိုင်တာလဲ။
ဘာကြောင့်များ နောက်တစ်ကြိမ်
တွေ့ခွင့် မပေးတော့တာလဲ။
ဘာကြောင့်များ.........ဘာကြောင့်များ။
1 comment:
great poem, i like it. touching.
Post a Comment